မတ္တရာမြို့နယ်၌ ရွှေတချောင်းမြောင်းအတွင်းသို့ ရွှေဝါငါးကြင်းငါးမျိုး ကောင်ရေ ၁၀၀၀၀၀ စိုက်ထည့်

မတ္တရာ မေ ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ချောင်းတချောင်းမြောင်းအတွင်းသို့  ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက  အမှတ်(၅)ရပ်ကွက်ရှိ ရွှေတချောင်းမြောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါချောင်းအတွင်းသို့ ရေနံ့သာငါးလုပ်ငန်းစခန်းမှ​ထုတ်လုပ်သော ရွှေဝါငါးကြင်းငါးမျိုး ကောင်ရေ(၁)သိန်းအား ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးခင်မောင်ထွန်း၊ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်း၊ ဗိုလ်မှူးစန်းယုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေနံ့သာ ငါးလုပ်ငန်းစခန်းမှ ဝန်ထမ်းများ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူများမှ  စုပေါင်းစိုက်ထည့်ခဲ့ကြသည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတိုးပွားလာရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေး၊ ငါးမျိုးများမပြုန်းတီးစေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများပိုမိုစားသုံးနိုင်ရေးအတွက်  ငါးမျိုးများအား သဘာဝမြစ်ချောင်းများနှင့် ဆည်တမံများအတွင်းသို့  နှစ်စဉ်စိုက်ထည့်ပေးလျက် ရှိကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)