နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၅)ဦး အား အိမ်တိုင်ရာအရောက် လူမူရေးပင်စင် ထောက်ပံ့ငွေပေးအပ်

 

ဆီဆိုင် မေ      ၂၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများကို မေ ၂၆ ရက်နေ့က နောင်ကျော ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၅)ဦးတို့အား အိမ်တိုင်ရာ အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်အထက် သက်ကြီးအဘိုး အဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာ အုပ်စုအတွင်းရှိ ဝါးတောကျေးရွာ၊ ဟော်တောင်ကျေးရွာ၊ ဟော်မြောက်ကျေးရွာ၊ ဘုရားဖြူကျေးရွာ၊ နောက်ဗတ်ကျေးရွာ၊ ကောင်ဝိန်းကြီးကျေးရွာ၊ ရေဖြူကျေးရွာနှင့် ကောင်ဝိန်းငယ်ကျေးရွာတို့ရှိ လူမူရေးပင်စင်ရရှိသော အဘိုး(၂)ဦးနှင့် အဘွား (၁၃)ဦးတို့အား လူမူရေးပင်စင်အဖြစ်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းစီကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နောင်ကျောကျေးရွာအုပ်စုစာရေး ဦးစိုင်းမင်းထွေးနှင့် နောင်ကျောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်သက်စိုးဦး တို့က အိမ်တိုင်ရာများအရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စုမှ အသက်(၈၅)နှစ် အထက် သက်ကြီး ဘိုးဘွား(၁၂၇)ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ခွန်ရဲထွေး(ပြန်/ဆက်)