ကျောက်ဖြူ မေ ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယမန်နေ့မှ စတင်ကာ အဆိုပါမြို့နယ်ရှိ မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ကျောက်ဖြူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက တောင်သူတွေကို မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေကို နစ်စဉ်ထုတ်ချေးပေးလျက်ရှိပါတယ်၊ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ကျေးရွာအုပ်စု ၅၂ အုပ်စုမှာရှိတဲ့ လူဦးရေ ၆၈၁၂ ဦးတို့ရဲ့ လယ်ဧက ၁၅၃၄၁ ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကျပ် (၂၃၀၁၁.၅၀) သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ပါတယ်၊ ယခု ၂၀၂၁ ခုနှစ် အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ချေးရာမှာလည်း ကျေးရွာအုပ်စု ၅၂ အုပ်စုက အဖွဲ့ဝင်တောင်သူ ၆၈၂၀ ဦးတို့ကို လယ်တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းနဲ့ ၁၅၃၄၁ ဧကအတွက် ကျပ်(၂၃၀၁၁.၅၀) သိန်းကို ပြန်လည်ထုတ်ချေးရန် လျာထားပါတယ်၊ ထုတ်ချေးတဲ့အခါမှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်တွေနဲ့အညီ စနစ် တကျ ထုတ်ချေးပေးလျက် ရှိပါတယ်”ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၊ မြို့နယ်မန်နေဂျာ ဦးမြင့်ဆွေက ပြောကြားသည်။
ချေးငွေလာရောက်ချေးယူသည့် တောင်သူတစ်ဦးကလည်း ယခင်နှစ်ကချေးငွေကို အကြေပေး ဆပ်ပြီးဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း မိုးစပါးစိုက်ပျိုးရန်အတွက် ချေးငွေပြန်လည်လာရောက်ချေး ယူခြင်းဖြစ်ကြောင်း၊ မိုးစပါးတစ်ခုတည်းကိုပဲ စိုက်ပျိုးကြောင်းနှင့် လယ်ဧက ၅ ဧကအတွက် ချေးငွေ ခုနစ်သိန်းခွဲအား ချေးယူပြီးဖြစ်ကြောင်း ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်ချေးငွေ ပြေကျေပြီးဖြစ်သည့် ပြင်ဖြူမော်ကျေးရွာအုပ်စုမှ တောင်သူ ၈ ဦး၏ လယ်ဧက ၃၅ ဧကအတွက် ချေးငွေကျပ် ၅၂ ဒသမ ၅၀ သိန်းကို မေလ ၂၆ ရက်နေ့က စတင်ထုတ်ချေးပေးခဲ့ပြီးဖြစ်ကာ ကျန်ပြေကျေသော ကျေးရွာ၊ အုပ်စုများမှ တောင်သူများကို ဆက်လက်ထုတ်ချေးပေးသွားရန် စီစဉ်ထားရှိကြောင်း မြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း