တာမိုးညဲ မေ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကွတ်ခိုင်မြို့နယ်မြို့နယ်ဦးစီးမှူးရုံး (တာမိုးညဲရှေ့တန်းရုံး)တွင် ယခုလ ၁၈ ရက်နေ့မှစတင်၍ ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တာမိုးညဲမြို့၏ မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် အမှန်တကယ်နေထိုင်ကြပြီး လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းရှိ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်း မရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို တာမိုးညဲမြို့ရှိ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (တာမိုးညဲ ရှေ့တန်းရုံး)၌ ပန်းခင်းစီမံချက်ဖြင့် အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ တာမိုးညဲမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ (ရှေ့တန်းရုံး)သို့ “လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည့် မေလ ၁၈ ရက်နေ့မှစ၍ လူဦးရေ (၅၀) မှ (၆၀) ဦးခန့်အထိ နေ့စဉ်လာရောက် ဆောင်ရွက်လျက်ရှိပြီး မေလ ၂၆ ရက်နေ့အထိ လူဦးရေ (၅၀၀) ဦးခန့်ကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း” လဝကမှူးဦးအောင်ထွေး ကပြောသည်။
ကျော်သူဟိန်း