ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

နေပြည်တော်  မေ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာလှကြည် (အာဟာရ ဆရာဝန်ကြီး) ရေးသားသည့် ဆီးချိုသွေးချိုနှင့် မြန်မာ့ဓလေ့အစားအစာ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဥတ္တရခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ ဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)က “မြန်မာတို့စားသုံးလေ့ရှိသည့် အစားအစာများခေါင်းစဉ်တွင် ပါဝင်သည့် ဆီးချိုသွေးချို ဝေဒနာရှင်များစားသုံးသည့် အစားအစာများနှင့် ရှောင်ရှားရမည့် အကြောင်းအရာများ၊ စာရေးဆရာ ရဲမွန်ကျော်က သွေးချိုတက်လွန်းခြင်း၊ ကျလွန်းခြင်းမဖြစ်အောင် ထိန်းသိမ်းစားသောက်ခြင်း ခေါင်းစဉ်တွင်ပါဝင်သည့် အကြောင်းအရာများ၊ ဒေါ်ချယ်ရီအောင်သန်း(ဒီဇိုင်နာ ချယ်ရီ) က အဟာရစုံလင် ပြည့်ဝအောင် ဘယ်လို စားသောက်ကြမလဲ ခေါင်းစဉ်ပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် စာဖတ်ပရိတ်သတ်များကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါ စာအုပ်တွင် အခန်းပေါင်း(၇)ခန်းပါဝင်ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)