မြစ်ကြီးနား မေ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန၏ အနီးကပ် ကြီးကြပ်မှုနှင့် မြစ်ကြီးနားမြို့နယ် ငါးလုပ်ငန်းဦစီးဌာနက ဦးစီးကျင်းပသော ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့မရပ်ကွက် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် ဆိပ်ကမ်းရှိ Golden Ayer ရေပေါ်ဆိပ်ခံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ကချင်ပြည်နယ် ငါးလုပ်ငန်း ဦစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်စောနှင့် ကချင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဖွဲ့ ဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းဟန်၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာမြင့်နှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး (၂)လက်မအရွယ်ရှိ ငါးခုံးမကြီး ကောင်ရေ(၁)သိန်းအား ဧရာဝတီမြစ် အတွင်းသို့ ငါးမျိုး စိုက်ထည့်ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်အတွင်းရှိ ရေလျှံကွင်းများ၊ ဆည်နှင့်လယ်ကွင်းများ အတွင်းသို့ ငါးကောင်ရေ (၁၈)သိန်းအား ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)