မုဒုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မုဒုံ မေ ၂၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲကအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာ ခန်းမတွင် ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ မြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံသားတိုင်း အခြေခံ ပညာအဆင့်အလိုက်သတ်မှတ်ထားသော ကာလအတွင်း သင်ယူမှုပြီးမြောက်စေရေးအတွက် ကျောင်းနေ အရွယ်ကလေးတိုင်းကျောင်းနေရေးနှင့် ကျောင်းနေသည့် ကလေးငယ်တိုင်း ကျောင်းနေ မြဲရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ပညာရေးဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ကျောင်း အကျိုတော် ဆောင် အဖွဲ့ဝင်များ၊ပညာရေးစေတနာရှင်များနှင့် မိဘပြည်သူများ အားလုံးပူးပေါင်းပါဝင် လျက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအစီအစဉ်ကို မေလ(၂၄) ရက်မှမေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ မိမိတို့ ရပ်ကွက်၊ကျေးရွာအလိုက် စည်းရုံးလှုံ့ဆော် ဆောင်ရွက်သွားရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်တိုင်း၌စီမံချက်ရေးဆွဲ၍ အကောင် အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းအပ်နှံရေးဆိုင်ရာ အသိပညာပေးခြင်း၊စည်းရုံးလှုံ့ဆော်ခြင်း၊သတင်းဖြန့်ဖြူးခြင်းများကို ဆောင်ရွက်စေလိုကြောင်း မိဘ အုပ်ထိန်းသူများနှင့် ကျောင်းသား/သူများအား ကျောင်းအပ်ကြရန် တိုက်တွန်းနှိုးဆော်ခြင်း၊ ကူညီပံ့ပိုးခြင်းများ အခမဲ့ပညာရေးစနစ်ဆိုင်ရာ ပံ့ပိုးမှု အစီအစဉ်များ လမ်းညွှန်ချက်များကို အချိန်နှင့် တစ်ပြေးညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ကျောင်းအပ်နှံရေးအတွက် အနှောက် အယှက်ဖြစ်စေသော ငွေကြေးကောက်ခံခြင်း ပစ္စည်းများရောင်းချခြင်းမပြုလုပ်ရန် အခြေခံပညာ ဦးစီးဌာန၏ မူဝါဒနှင့်လမ်းညွှန်ချက်များကို လိုက်နာကြစေလိုကြောင်း၊ အခြေခံပညာ (ထက်/လယ်/မူ) အဆင့်အတွက် (ကျောင်းသုံးပုံနှိပ်၊ဗလာစာအုပ်၊ဘောပင်၊ခဲတံ၊နှာခေါင်းစည်းနှင့် မျက်နှာအကာ)တို့ကို ကျောင်းသားတိုင်း အခမဲ့ပေးအပ် သွားမည်ဖြစ်ကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့် လည်း ထိရောက်သော သင်ကြား၊သင်ယူမှု ဖြစ်မြောက်ရေးနှင့် ကလေးသူငယ် ကျောင်းသား/သူများသင်ယူမှု အရည်အသွေး ပြည့်မီရေး ကျောင်းနေနှုန်း မြင့်မာရေးတို့အတွက် အဓိကစွမ်း ဆောင်သူများ ဖြစ်ကြသဖြင့် “ကလေးပျော်ကျောင်း”ဖြစ်စေရေးကို ဒေသဆိုင်ရာအာဏာပိုင်များ၊ ရပ်ရွာလူထုများနှင့် ပူးပေါင်း ဆောင်ရွက်၍ ဆရာ့အရည်အသွေး ပြည့်မီရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်လုပ်ကိုင် ဆောင်ရွက်ရန်၊ ပညာရေးဝန်ကြီးဌာန၏ ကျောင်းနေအရွယ်ကလေးသူငယ်များအားလုံး ပညာသင်ယူခွင့် ရရှိရေး၊ မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်းမြင့်မားလာစေရေးတို့အတွက် ပညာရေးဝန်ထမ်း အားလုံး KG+12 စနစ်သစ် ပညာရေးကို အောင်မြင်စွာဖော်ဆောင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြပါရန် အမှာ စကားပြောကြားသည်။

ထို့နောက်မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းမှ ကျောင်းအပ်နှံရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး ပညာရေးဝန်ကြီးဌာနနှင့်ပညာရေး စေတနာရှင်များက ထောက်ပံ့သော ကျောင်းသုံး ပစ္စည်းများကို တာဝန်ရှိသူများက မြို့နယ်ပညာရေးမှူးထံ ပေးအပ် ခဲ့သည်။

မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၀၂)ကျောင်းရှိပြီး ဇွန်လ(၁)ရက်နေ့တွင် အခြေခံပညာ ကျောင်းများ အားလုံးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။