ကချင်ပြည်နယ်အတွင်း အရည်အသွေးပြည့်ဝမှန်ကန်သော စာရင်းအချက်အလက်‌ကောက်ယူရေးနှင့် ခရိုင်၊ မြို့နယ်များ၏ ဒေသန္တရ စီမံကိန်းလုပ်ငန်းများ အဆိုပြုလျာထားရေးဆွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မေ ၂၇

ကချင်ပြည်နယ်အတွင်း အရည်အသွေးပြည့်ဝ မှန်ကန်သော စာရင်းအချက်အလက် ကောက်ယူရရှိရေးနှင့် ၂၀၂၁-၂၀၂၂ ဒေသန္တရ စီမံကိန်း လုပ်ငန်းများဆိုင်ရာ အဆိုပြုလျာထားရေးဆွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမများ၌ ကျင်းပပြု လုပ်ကြသည်။

ရှေးဦးစွာ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ပြည်နယ်စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝ‌ရေး ကော်မတီအစည်းအဝေး ကျင်းပရာ ပြည်နယ်စာရင်း အချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က တိကျမှန်ကန်သည့် စာရင်းအင်း အချက်အလက်များ၊ ကိန်းဂဏန်းများအပေါ် အခြေခံ၍ ပြည်နယ်၏ လိုအပ်ချက်များနှင့် လိုက်လျော ညီထွေဖြစ်စေမည့် လက်တွေ့ကျသည့် စီမံကိန်းများဖြစ်ပေါ်လာစေရန် ဌာနဆိုင်ရာများအနေဖြင့် မိမိဌာန၏ မြေပြင်စာရင်းများနှင့် အမှန်တကယ် ကိုက်ညီပြီး မှန်ကန်၍ အရည်အသွေးပြည့်ဝသော စာရင်းများဖြစ်စေရေး အလေးထား ဆောင်ရွက် သွားကြရန်နှင့် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ ပြည်နယ်တာဝန်ခံ ဦးမြင့်မောင်မောင်က ဗဟိုစာရင်းအင်းအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် စာရင်းအင်းအချက်အလက် ကောက်ယူထုတ်ပြန်နိုင်ခဲ့မှု အခြေအနေများ၊ စာရင်းအင်းမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝ‌ရေးတို့အတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးက မှန်ကန်၍ အရည်အသွေး ပြည့်ဝသော စာရင်းများ ဖြစ်စေရေးနှင့် မြေပြင်အခြေအနေနှင့် စာရင်းလွဲမှားမှုများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများ သုံးသပ်ဆွေးနွေးပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက စာရင်းအင်းများ ပေးပို့နိုင်ရေးနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေးခန်းမ(၂)၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံလုပ်ငန်းများ အဆိုပြုလျာထားရေး ဆွဲထားရှိမှုများနှင့် ပတ်သက်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံကိန်းဦးစီးရုံးမှ တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်နယ်စီမံကိန်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဒေါ်ဟန်အေး ဦးဆောင်၍  ခရိုင်စီမံကိန်းဦးစီးမှူးများက ခရိုင်၊ မြို့နယ်များအလိုက် ကချင်ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများအတွက် အဆိုပြုလျာထားရေးဆွဲထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က မြို့နယ်များ၏မြေပြင် တွင် အမှန်တကယ် ပြည်သူ့အတွက် လိုအပ်မည့် အဓိကစီမံကိန်း လုပ်ငန်းများကိုသာ ဦးစားပေးရေးဆွဲ တင်ပြသွားရေး၊ စီမံကိန်းလုပ်ငန်းများ ရေးဆွဲရာတွင်လည်း နယ်မြေအခြေအနေအပေါ်မူတည်၍ မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်နိုင်ပြီး အကျိုးရှိသည့် စီမံကိန်းလုပ်ငန်းများ ဖြစ်ပေါ်လာစေရေးအတွက် စဉ်းစားသုံးသပ်ပြီး သက်ဆိုင်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်၍ ရေးဆွဲ ဆောင်ရွက်ရန် လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)