ကျိုင်းတုံ မေ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီးတွင် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ရပ်တော်မူဘုရားကြီး အရုဏ်ခံတန်ဆောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တောကာ ဖွင့်လှစ်ခဲ့ပြီး မိုင်းခွန်၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုဆရာတော်က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာဖြင့် ရွတ်ဖတ် ပူဇော်သည်။ ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်များက ကျိုင်းတုံမြို့ သံသရာအေးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လာ ကျောင်းတိုက် ဆရာတော်က နတ်ဗြဟ္မာများအား ဖိတ်ကြားပြီး ကျိုင်းတုံမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းအုပ်ဆရာတော်က ပဋ္ဌာန်းတရား ရွတ်ဖတ်ပူဇော်ရန် ပဋ္ဌာန်းအမွှန်းဂါထာရွတ်ဆို၍ တိုက်တွန်းနှိုးဆော်ခဲ့သည်။
ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီးတွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မေလ ၂၇ ရက် မှ ၃၁ ရက်ထိ ငါးရက်တိုင်တိုင် ပူဇော်ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်