မိုင်းယောင်း မေ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းဒေသမှ ရှမ်းတိုင်းရင်းသား အမျိုးသမီးများသည် မိုးဦးရာသီကာလတွင် တစ်နှစ်တစ်ခါသာ စားသုံးရလေ့ရှိသည့် ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း (ရှမ်းအခေါ် အိဟုတ်)များကို လယ်ကွင်းများမှ ရှာဖွေရောင်းချနေကြကြောင်း သိရသည်။
ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း (အိဟုတ်)ကောင်များသည် မိုးဦးရာသီကာလ မိုးတစ်ခါ၊ နှစ်ခါ ရွာသွန်းပြီးသောအခါတွင် ရေရှိသော လယ်ကွင်းများ၌ ရှင်သန်ကြီးထွားလာကြပြီး အဆိုပါ အကောင်များကို ယပ်သပ်ဖြင့် ရှာဖွေရကြောင်း၊ ရရှိလာသည့် ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း (အိဟုတ်)ကောင်များ ကို မိုင်းယောင်းဒေသခံများသည် ချက်၍လည်းကောင်း၊ ကြက်ဉဖြင့် ရောနှော ကြော်၍လည်းကောင်း အထူးကြိုက်နှစ်သက်သည့် ဒေသဟင်းလျာ တစ်မျိုး ဖြစ်ပြီး ရှာဖွေရောင်းချသူများလည်း ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း(အိဟုတ်)ကောင် ပန်းကန်အသေးတစ်ခွက်ကို ငွေကျပ် ၁၀၀၀ ဖြင့် ရောင်းချနေကြပြီး နေ့စဉ်အပိုဝင်ငွေ ရရှိနေကြကြောင်း ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း( အိဟုတ်) ကောင်များ ရှာဖွေရောင်းချသူထံမှ သိရသည်။
အားချာ