ကျောက်ဆည်မြို့တွင် ရေခဲသေတ္တာ Safe Gurd အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ကျောက်ဆည် မေ ၂၇

မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့တွင် မေ ၂၆ ရက် ညနေ ၅ နာခွဲအချိန်က ဆူးကုန်း ရပ်ကွက်၊ Café Angle ခေါက်ဆွဲကြော် အရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ Café Angle ခေါက်ဆွဲကြော် အရောင်းဆိုင် မီးဖိုခန်းတွင်ထားရှိသော ရေခဲသေတ္တာ၏ Safe Gurd အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ခေါက်ဆွဲကြော်သည့် (၆x၁၀)ပေ မီးဖိုခန်း မျက်နှာကြက်နှင့် ရေခဲသေတ္တာတို့ မီးလောင်းခဲ့ကြောင်း၊ မီးလောင်ရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစောလွင်အေး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၂၀)ဦးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်(၅)ဦး ဝိုင်းဝန်းမီးငြိမ်းခဲ့သဖြင့် ညနေ(၅)နာရီ(၄၆)မီနစ်တွင် လုံးဝမီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားစေသူ Café Angle ခေါက်ဆွဲကြော်ဆိုင်မှ ဆိုင်မန်နေဂျာ ကိုဇော်(ခ) ကိုမျိုးမြင့်ဇော်အား ကျောက်ဆည်မြို့မ ရဲစခန်းမှ(ပ)၂၀၄/၂၀၂၁၊ ပြစ်မှုပုဒ်မ (၂၅၈)ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)