မိတ္ထီလာမြို့၌ ရပ်ကွက်(၆)ခုအား သောက်သုံးရေဖြန့်ဝေပေးသည့် ရေစင်ကြီး အသစ်ပြန်လည် တည်ဆောက်

မိတ္ထီလာ    မေ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါ်ရပ်ကွက် (၆)ခုအား သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ရေစင်ကြီး အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို မေလ ၇ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေပေး လျက်ရှိသော စျေးအရှေ့ပြင်ရပ်ကွက် ရေဂါလံ(၆၀၀၀၀)ဆံ့ ရေစင်ကြီး နှစ်စင်ရှိသည့်အနက်  ရေစင်ကြီးတစ်စင်အား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင်  စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်( ၇၈.၅၆ )သန်းဖြင့် တင်ဒါအောင်မြင်သည့် Triple Thar Co,Ltdမှ တာဝန်ယူပြီး အလျား ၁၉ ပေ ၊ အနံ ၃၃ ပေ ၊အမြင့် ၄၃ ပေရှိ ရေဂါလံ ၃၅၀၀၀ ဆံ့  သံကူ ကွန်ကရစ် ရေစင်ကို မေလ  ၇ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းရေစင်ကို အောက်တိုဘာလ အကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေစင်မှ မိတ္ထီလာမြို့ပေါ်ရှိ စျေးအရှေ့အပြင်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ရတနာမာရ်အောင် ရပ်ကွက် ၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်များအား   သောက်သုံးရေ များကို အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။   

သိန်းမြင့်ကျော်