မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု လက်ခံလျက်ရှိ

မြင်းခြံ မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအသီးသီးတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံလျက်ရှိကြောင်း သိရသည်။

"မေလ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ်နှံမှုများ စတင်လက်ခံ ဆောင်ရွက်လျက်ရှိပြီး ယနေ့ မေလ ၂၆ ရက်နေ့ထိ (၃)ရက်အတွင်း မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈၈၅ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၁၄ ဦး၊ အထက်တန်းအဆင့် ၇၇ ဦး စုစုပေါင်း ၁၂၇၆ ဦး မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတွင် လာရောက်အပ်နှံကျပြီး မြို့နယ်ချုပ် ကျောင်းအပ်နှံမှု ရာခိုင်နှုန်းမှာ (၃.၂၁) ရှိပါတယ်"ဟု မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းက ပြောသည်။

မေလ ၂၄ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံခြင်းကို နေ့စဉ် နံနက် ၈:၃၀ နာရီမှ ညနေ ၄ နာရီထိ ဆောင်ရွက် သွားမည်ဖြစ်ပြီး ကျောင်းအပ်သည့် ကျောင်းသား၊ ကျောင်းသူ တစ်ယောက်ကို Face Shield ၁ခု၊ Mask ၂ ခု၊ ဗလာစာ အုပ် ၁ ဒါဇင်၊ သက်ဆိုင်ရာ ဘာသာရပ် ပုံနှိပ်စာအုပ်များကိုလည်း အခမဲ့ ထောက်ပံ့ ပေးကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)