ချင်းရွှေဟော်မြို့ ပညာရေးနှင့်ကျန်းမာရေးဌာနများသို့ နှာခေါင်းစည်း(Mask)နှင့် အခြားစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

ချင်းရွှေဟော်   မေ   ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊   ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသိန်းဇော်ဦး  ဦးဆောင်သည့်အဖွဲ့မှ  ယနေ့နံနက် (၁၀)နာရီအချိန် က ချင်းရွှေဟော်မြို့ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနများသို့   သွားရောက်၍    ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေးသုံး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းဖြစ်သည့်  နှာခေါင်းစည်း (Mask) (၄၀၀၀)ခုနှင့်  အခြားစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင်  လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရှေးဦးစွာ ချင်းရွှေဟော်မြို့၊  အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်လက်ခံနေမှုအခြေအနေကို  ကြည့်ရှု့စစ်ဆေးပြီး ဆရာ/မများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ  ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေးသုံးပစ္စည်း နှာခေါင်း စည်း(Mask) (၂၀၀၀)ခု၊ ခြင်ထောင် (၂၀)လုံး၊ ကြက်ဥကပ် (၁၃)ကပ်၊ ခေါက်ဆွဲခြောက် (၆)ဖာ၊ ပဲနို့အချိုရည်ကပ် (၆)ကပ်နှင့် ကိတ်လုံးမုန့်ထုပ်များကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင် က လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး  လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့်   သူနာပြုများအား   ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်း  နှာခေါင်းစည်း (Mask) (၂၀၀၀)ခုနှင့် အခြားစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ချင်းရွှေဟော်မြို့၊   ပြည်သူ့ဆေးရုံဝန်းအတွင်း   တိုးချဲ့တည်ဆောက်နေသည့် ဆေးရုံ(၂)ထပ်ဆောင်အား လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)