ကျောက်ပန်းတောင်း မေ ၂၆
မန္တလေးတိုင်းဒေကြီး၊ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂၁-ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိူးစရိတ်ချေးငွေများကို၊ ယနေ့ နံနက်(၉)နာရီမှစတင် ဘူတာရပ်ကွက်ရှိ ပိန္နဲတော ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးနေကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂၁-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ကျေးရွာအုပ်စု (၉၃)အုပ်စုမှ တောင်သူ(၁၄၀၀၀)ဦးခန့်ကို ငွေကျပ် သိန်းပေါင်း(၆၇၀၀၀) ခန့် ထုတ်ချေးပေးသွားရန် ဆောင်ရွက်ထားရှိပြီး၊ ယနေ့ပထမဦးဆုံးနေ့တွင် ဘဲများကျေးရွာအုပ်စုမှ တောင်သူ(၂၉)ဦးတို့အား ငွေကျပ်(၁၂၀)သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။ “ ကျွန်တော်တို့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ကတော့ ၂၀၂၀ မိုးချေးငွေ အပြေအကြေဆပ်ပြီးတဲ့ရွာတိုင်းကို စောနိုင်သမျှစောစော ရအောင်ထုတ်ချေးပေးသွားမှာပါ…။ဒါပေမဲ့ ကျွန်တော်တို့ ထုတ်ချေးပေးနိုင်ဖို့အတွက်ကလည်း ထုတ်ယူရရှိတဲ့ ငွေကြေးကန့်သတ်ချက်အပေါ်တော့ မူတည်တာပေါ့ဗျာ…မနှစ်က မိုးချေးငွေကတော့(၈၉.၂၅)ရာခိုင်နှုန်း ကြေပြီးပါပြီ…. ကျန်တယ်ဆိုတဲ့ရွာတွေကလည်း တစ်ဦးစ…နှစ်ဦးစ လောက်ပဲကျန်တာပါ…။မနှစ်က စိုက်ပျိုးစရိတ်ချေးငွေအပြင် ကိုဗစ်ချေးငွေလည်း ထုတ်ချေးပေးထားတော့ ကိုဗစ်ချေးငွေလည်း ပြန်လည်ကောက်ခံနေဆဲပါဘဲ…အဲဒါကတော့ ချေးတဲ့ အုပ်စုလည်း နည်းပါတယ် …ခုထိတော့ (၃၀.၉၇)ရာခိုင်နှုန်း ပြန်လည်ကောက်ခံရရှိပြီးပါပြီ….” ဟု မြို့နယ် လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဝင်းဌေးဦးက ပြောပြပါသည်။
နေအောင်(ပြန်/ဆက်)