မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားသို့တက်ရောက်

 
မော်လမြိုင် မေ ၂၆
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ကဆုန်လပြည့်နေ့ ညောင်ရေ သွန်းလောင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေက မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း နှင့် ကောင်စီဝင်များ၊ ပြည်နယ်တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ညောင်ရေသွန်းလောင်းပွဲ အခမ်း အနားကိုဖွင့်လှစ်ပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာများကို ပြည်နယ် သာသနာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ဖတ်ကြားပူဇော်သည်။
ထို့နောက် နတ်- နဂါး- ဂဠုန်- ဗြဟ္မာတို့၏ အဘိသေက ဂါထာလေးပုဒ်ကိုဖတ်ကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ပြည်နယ် တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတို့က မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခဲ့ကြောင်း သိရသည်။
ဝေလင်း(ပြန်/ဆက်)