မင်္ဂလာဒုံ မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ဘားလားချောင်းအတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက်၊ ရွှေဝါငါးချင်းငါးသားပေါက်၊ ငါးခုံးမကြီးငါးသားပေါက်မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက ဘားလားချောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို သဘာဝမြစ်၊ ချောင်းများတွင် ငါးသယံဇာတပေါများ ကြွယ်ဝစေရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအသင်းချုပ်တို့မှ ဆောင်ရွက်ခဲ့သည်။
အခမ်းနားကို ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဒုတိယဦးစီးမှူး ဦးတင်ထွဋ်၊ ရန်ကုန်မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ဇင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင် မြောက်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်း အသင်းချုပ်မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။
ငါးသားပေါက်များ စိုက်ထည့်ရာတွင် လှော်ကားငါးလုပ်ငန်းစခန်းမှ ၂"လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၅)သိန်း၊ ရွှေဝါငါးချင်းငါးသားပေါက်ကောင်ရေ(၂)သိန်း၊ ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ(၅)သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၇)သိန်းခွဲကို မင်္ဂလာဒုံမြို့နယ် ဘားလားချောင်းမှ တဆင့် မြန်မာနိုင်ငံ အတွင်းရှိ မြစ်၊ချောင်းများသို့ ငါးသယံဇာတပေါများကြွယ်ဝအောင် ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)