မိတ္ထီလာ မေ ၂၆
မိတ္ထီလာမြို့နယ်၊ ကျောက်ဖြူကုန်းကျေးရွာအုပ်စု အင်းပက်လက်ကျေးရွာတွင် ပေါက်ပင်အိုင်ကျောင်းတိုက် ဦးစီးပဓနနာယက ဆရာတော်ဘဒ္ဒန္တပညာစာရ၏ ဦးဆောင်မှုဖြင့် ရွှေတိဂုံရွှေဘုန်းပွင့် စေတီတော်အား ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယမန်နေ့ (ကဆုန်လပြည့်) နံနက် ၈ နာရီအချိန်က ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါစေတီတော် ရွှေထီးတော်အလှူရှင်မိသားစုနှင့် စေတီတော်တည်ထားကိုးကွယ်ရန် ပါဝင် လှူဒါန်းကြသည့် မတည်အလှူရှင်စေတနာရှင်များနှင့် ကျေးရွာဒေသခံများက ပင့်သံဃာတော်များထံသို့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ဘုံအဆင့်ဆင့်များနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ပင့်သံဃာတော်များထံမှ ငါးသီးပါးသီလတရားများ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်နှင့် ရေစက်ချ တရားတော်များကို နာယူကြသည်။
၎င်းနောက် ပေါက်ပင်အိုင် ကျောင်းတိုက် သာသနာ့နယ်မြေအတွင်း တည်ထားကိုးကွယ်သည့် ရွှေတိဂုံ ရွှေဘုန်းပွင့် စေတီတော်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ပေါက်ပင်အိုင် ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်နှင့် ပင့်သံဃာတော်များမှ ဦးဆောင်၍ ရွှေထီးတော် အလှူရှင် မိသားစု၊ မတည်အလှူရှင် စေတနာရှင်များနှင့် ကျေးရွာဒေသခံများက တင်လှူပူဇော်ကြသည်။
အဆိုပါ ရွှေတိဂုံ ရွှေဘုန်းပွင့် စေတီတော်အား ရပ်နီးရပ်ဝေးမှ စေတနာရှင်အလှူရှင်များ၊ ကျေးရွာဒေသခံများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပေါက်ပင်အိုင်(အင်းပက်လက်)ကျေးရွာတွင် အသစ်တည်ထား ကိုးကွယ်ခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့် ၅၇ ပေ ၉ လက္မ ရှိကြောင်း သိရသည်။
ချမ်းသာ