ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မဟာဗောဓိညောင်ပင်တည်ရှိရာနေရာများတွင် ညောင်ရေသွန်းလောင်း ကုသိုလ်ယူသူများ၊ စတုဓိသာကျွေးမွေးသူများဖြင့်စည်ကား

ကျောက်ပန်းတောင်း၊ မေ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကဆုန်လပြည့်၊ ဗုဒ္ဓနေ့ဖြစ်သည့် ယမန်နေ့ မွန်းလွဲ(၃)နာရီမှ စတင်၍ မဟာဗောဓိညောင်ပင်တည်ရှိရာ ကျောင်း၊ ကန်၊ ဘုရားများတွင် ညောင်ရေသွန်းလောင်း ကုသိုလ်ယူသူများ၊ စတုဓိသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်းသိရသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိူးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မြို့ပေါ်ရပ်ကွက်များရှိ မဟာ ဗောဓိညောင်ပင်တည်ရှိရာ ဓမ္မာရုံများနှင့်၊ ဘုရားကျောင်းကန်များတွင် နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊ဆွမ်းဟင်းများလောင်းလှူ ကုသိုလ်ယူခြင်းများ ဆောင်ရွက်ကြပြီး၊ ဓမ္မာရုံများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဒါနသီလ၊ ဘာဝနာပွားများဆောက်တည်ကြသူများ၊ ဘုရားစေတီများတွင် ပန်းရေချမ်း ကပ်လှူသူများ ဖြင့်စည်ကားလျှက်ရှိသည်၊၊ ထို့အပြင် မွန်းလွဲပိုင်းမှစတင်၍  အောင်မင်္ဂလာရပ်ကွက်ရှိ၊ မဟာဗောဓိ ဓမ္မာရုံ၊ မြသိန်းတန် စေတီတော်အတွင်းရှိ မဟာဗောဓိညောင်ပင်၊ စင်္ကြာရှင်ဘုရား မဟာဗောဓိညောင်ပင်နှင့် မြို့ဦးစေတီဘုရားရှိ မဟာဗောဓိ ညောင်ပင်၊ မြရွှေဂူဘုရားရှိ မဟာဗောဓိညောင်ပင်တို့တွင် မိသားစုအလိုက်သော် လည်းကောင်း၊ သူငယ်ချင်းများ စုပေါင်း၍ သော်လည်းကောင်း၊ အစုအဖွဲ့အလိုက် ညောင်ရေသွန်းလောင်းပူဇော်သူများ၊ အဆိုပါညောင်ရေသွန်းလောင်း လာရောက်သူများအား မုန့်ဟင်းခါး၊ ကြာဇံကြော်၊ လက်ဖက်သုပ်၊အဖျော်ရည်များဖြင့် အဟာရဒါနပြုကုသိုလ်ယူသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)