ရန်ကုန် မေ ၂၆
၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီဝင်များ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်များ၊ တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ဘုရားကန်တော့ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ (ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်မှ သြဝါဒ ကထာချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ယခုလာမည့် ၂၀၂၁-ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကြီးကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တွင် ဓမ္မာစရိယစာဖြေဌာန (၁၀)ဌာန၊ ပါဠိပထမပြန် စာဖြေဌာန(၄၁)ဌာနရှိပါကြောင်း၊ စာရင်းသွင်း သံဃာ၊ သီလရှင်(၁၉၉၅၂)ပါးရှိပါကြောင်း၊ စာဖြေဌာန အသီးသီးရှိ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များက ဝိုင်းဝန်းကူညီကြမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျင်းပရခြင်းဖြစ်သည့် အတွက်၊ ကျန်းမာရေးညွှန်ကြားချက်၊ စည်းကမ်းများနှင့်အညီ စာဖြေဌာနအသီးသီးတွင် သန့်ရှင်းရေး၊ လုံခြုံရေးများပါမကျန် လိုအပ်သော ကိစ္စအဝဝတို့ကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လျှောက်ထားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးက သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က အခမ်းအနားတက်ရောက်လာသည့် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်များ၊ မြို့နယ်အသီးသီးရှိ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ တင်ပြ လျှောက်ထားမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး သြဝါဒကထာ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်