ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ကဆုန် ညောင်ရေသွန်းလောင်းပူဇော်

တောင်ကြီး မေ ၂၆ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့တွင် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာ စေတီတော်မြတ်ကြီးရှိ ပရိဘောကစေတီခေါ် မဟာဗောဓိပင်အား ညောင်ရေ သွန်းလောင်းပူဇော်ကြကြောင်းသိရသည်။ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်သည့် အခမ်းအနားကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ၊ အဖွဲ့ဝင်များ အမှူးပြုသော ဧည့်ပရိတ်သတ်တို့မှ နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ဂုဏ်ပြုပူဇော် မင်္ဂလာကဗျာကို ဝတ်အသင်းများမှ သံပြိုင်ညီညာ ရွတ်ပွားပူဇော်ကြ၍ နဂါး ၊ဂဠုန် ၊ နတ်ဗြဟ္မာအပေါင်းတို့၏ ဝမ်းမြောက်ကြည်နူး ချီးကျူးကြွေးကြော်သံ ကဗျာများကို ဝတ်ရွတ်အသင်းများမှ သံပြိုင်ညီညာ ပူဇော်ကြကာ ဦးကျော်စိုး (ဓမ္မပါလ)မှ ပရိတ်သတ်ကိုယ်စား ဗောဓိရုက္ခောဒကသိဉ္ဇန မင်္ဂလာဂါထာ တော်ဖြင့် ကဆုန် ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ၊ အဖွဲ့ဝင်များ ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ် ဥပဒေချုပ် ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တို့က ဗောဓိညောင်ခြေ ပလ္လင်ဗွေ၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြပြီး ပတ္ထာနုမောဒနာဂါထာ တော်ဖြင့် ဗောဓိညောင်ရေသွန်းလောင်းမှု အကြောင်းပြု၍ ကောင်းမှု အဖို့ဘာဂကို လူ ၊ နတ် ၊ ဗြဟ္မာ သတ္တဝါတို့အား အမျှပေးဝေကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ကြီးအတွင်းရှိ မြတ်စွာဘုရားအား ပန်း၊ ရေချမ်း ဆက်ကပ်၍ ဘုရာစေတီအတွင်း တစ်ပတ်လည့်လှည် ဖူမျှော်ကြကြောင်းသိရှိရသည်။ မောင်မောင်သန်း (တောင်ကြီး)