လင်းခေး မေ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ (၆၃)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၇ နာရီက လင်းခေးမြို့ မဟာဝိဟာရ ပရဟိတကျောင်းကြီးကျောင်းမုခ်ဦးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲအား မြို့နယ်သံဃာ့နာယကအဖွဲ့မှ ကြီးမှူး၍ ဘုရားရုပ်ပွားတော်တစ်ဆူ ပင့်ဖိတ်၍ ရဟန်းသံဃာတော်(၁၅၀)ပါး၊ ရှင်သာမဏေ (၅၀၅)ပါး နှင့် မြို့နယ်အတွင်းရှိ မဟာထေရ် သက်ကြီးဝါကြီး ဆရာတော်(၇)ပါး စုစုပေါင်း(၆၆၂) ပါးတို့ကို စေတနာအလှူရှင်အပေါင်းက စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။
လောင်းလှူရာတွင် မြို့နယ်အတွင်းရှိ အနယ်နယ်အရပ်ရပ်မှ စေတနာအလှူရှင်များက ဆန်၊ဆီ၊ဆား အပါဝင် အခြေခံစားကုန်များ၊ သံဃာ့အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ နှင့်အခြား လှူဘွယ်ပစ္စည်း မျိုးစုံတို့ကို သံဃာ၊ သာမဏေတစ်ပါးချင်းထံ ဆက်ကပ်လောင်းလှူပေးခဲ့ကြသည်။ လောင်းလှူပွဲကို လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်ရှိ မဟာဝိဟာရကျောင်းမုခ်ဦးရှေ့မှ စတင်ကာ လင်းခေးမြို့ မြို့မပါတ်လမ်းအတိုင်း သံဃာတော်များက စီတန်းလှည့်လည်အလှူခံခဲ့ကြပြီး ၄င်းကျောင်းဝင်း အနောက်ဘက်မုခ်မှ စုရပ်သို့ ပြန်လည်စုစည်း ရပ်နားခဲ့ကြသည်။
လင်းခေးမြို့နယ်တွင် ကဆုန်လပြည့်နေ့ မတိုင်မီ အဖိတ်နေ့၌ ဒေသခံပြည်ူများက ဆရာတော် သံဃာတော်များအားပင့်ဖိတ်၍ မြို့လုံးကျွတ်၊ရွာလုံးကျွတ် အရပ်ရှစ်မျက်နှာထောင့်များတွင် ကျေးလက် မြို့ရွာမကျန် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခြင်း၊ ကဆုန် လပြည့်နေ့ရောက်တိုင်း မြို့ လယ်မဟာမြတ်မုနိဘုရားဓမ္မာရုံတွင် နံနက်ပိုင်းပရိတ်တရားတော်နာယူကြခြင်း၊ ဆွမ်းဆန်စိမ်းလောင်းပွဲ ကျင်းပခြင်းနှင့် မြို့သမိုင်းဝင်မဟာဗောဓိညောင်ပင်သို့ သွားရောက်ကြကာ ကဆုန်ညောင်ရေသွန်းပွဲကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လာခဲ့ကြသည်မှာ ရှေးနှစ်ပေါင်း ၇၀ ခန့်မှ ယနေ့ (၆၃)ကြိမ်ရှိလာခဲ့ပြီဖြစ်ကြောင်း မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်တာဝန်ရှိသူများထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)