မိုးနဲ မေ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင်နှစ်စဉ်ကျင်းပမြဲဖြစ်သော ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့နှင့် ရိုးရာမိုးခေါ်ပွဲကို နားခံကျေးရွာအုပ်စု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေရှိ စက်တော်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်နှင့် ပင့်သံဃာတော်များ၊ မိုးနဲမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများတက်ရောက်ခဲ့ပြီး မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တမာဃိန္ဒ က ဗုဒ္ဓနေ့ဖြစ်ပေါ်လာပုံကို မြွက်ကြားတော်မူခဲ့သည်။
အဆိုပါအခမ်းအနားသို့လာရောက်သူများအား နိဗ္ဗာန်ဈေးဖွင့်၍ စတုဒိသာကျွေးမွေးသူများ၊ ဘုရားပန်း၊ ဆီမီးကပ်လှူပူဇော်သူများ၊ ရိုးရာမိုးခေါ်ပွဲကို မီးဒုံးမီးရှူး အပြိုင်အဆိုင်ပစ်လွှတ်သူများ၊ ရှမ်းလူငယ်များက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးရေး၊ ပလပ်စတစ် ကင်းစင်နယ်မြေအဖြစ် ပလပ်စတစ်များ စနစ်တကျစွန့်ပစ်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စသည့်လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး လာရောက် ကုသိုလ်ယူသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)