ကျောက်ဆည်မြို့တန်ခိုးကြီးဘုရားများတွင် ကဆုန်လပြည့်နေ့၌ ဘုရားဖူးများနှင့် စည်ကားလျက်ရှိ

ကျောက်ဆည်   မေ   ၂၅

ကျောက်ဆည်မြို့တန်ခိုးကြီးဘုရားများတွင် ကဆုန်လပြည့်နေ့၌ ဘုရားဖူးများ၊ ညောင်ရေ သွန်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရပြီး ရပ်ကွက်/ကျေးရွာများရှိ ဘုရား၊ စေတီ ၊ပုထိုးများ တွင်လည်း ဥပုသ်သီတင်း သီလယူသူများနှင့်စည်ကားလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့တွင် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရား၊ ရွှေသာလျောင်းဆုတောင်းပြည့် ဘုရား၊ ရွှေဆပ်သွားဘုရား၊ တမုတ်ရွှေဂူကြီး ဘုရားများသည် တန်ခိုးကြီးဘုရားများအဖြစ် လူသိများကာ အနယ်နယ်အရပ်ရပ်မှဘုရားဖူးများ လာရောက်လျက်ရှိကြောင်း၊ ယနေ့ ကဆုန်လပြည့် နံနက်ပိုင်းတွင် မဟာရွှေသိမ်တော်ဆုတောင်းပြည့်ဘုရားတွင် ဘုရားဖူးများ၊ ကုသိုလ်ပြုသူများ၊ ညောင်ရေ သွန်းသူမျးနှင့် စည်ကားလျက်ရှိကြောင်းသိရှိ ရသည်။

ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့ မြောက်ဘက် ရန်ကုန်-မန္တလေး ကားလမ်းအနီး သင်တောင်းကျေးရွာတွင် တည်ရှိကာ “နေ့စဉ်ဘုရားဖူးတွေအမြဲ လာရောက် ဖူးကြပါတယ်။ အခုလိုနေ့ကြီးအခါကြီးရက်တွေနဲ့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ ပိုပြီး ဘုရာဖူးတွေ လာကြတယ်၊ ဘုရားဖူးတွေ စိတ်အေးချမ်းသာအောင် မော်တော်ဆိုင်ကယ်၊ မော်တော်ကားတွေအတွက်  ယာဉ်ရပ်နားကွင်းသီးသန့် လုပ်ပေးထားပြီး လုံခြုံရေးအတွက် လူအင်အားအလုံအလောက်နဲ့ (CCTV)ကင်မရာတွေကိုလည်း တပ်ဆင်ပေးထားပါတယ် ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ဆောင်ရွက်ထားပြီး ဘုရားဖူးပြည်သူတွေ လိုက်နာကြဖို့ ဗွီနိုင်းပိုစတာများ၊ စတေကာစာတမ်းများ ကပ်ထားပေးပြီး ဆော်ဪထားပါတယ်” ဟု ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောပြသည်။

ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးသည် လူမှုရေး၊ စီးပွားရေးလုပ်ငန်းများအောင်မြင် စေရန်အတွက် အုန်း၊ ငှက်ပျောပွဲထိုးကာ သစ္စာအဓိဌာန်ပြု ဆုတောင်းပါက ပြည့်စုံသည်ဟု လူသိ များလျက်ရှိပြီး “ကျမအခုလာရောက်ဖူးမျှော်ဆုတောင်းတာ (၂)ကြိမ်မြောက်ပါ ဘုရားဖူးရတာ စိတ်ကြည်နူးမှု အပြည့်အဝရပြီး ပထမတစ်ခါ ဘုရားဖူးလာပြီး ဆုတောင်းတာပြည့်လို့ အခုထပ်ပြီး လာရောက်ဆုတောင်းခြင်းဖြစ်ပါတယ်” ဟု ပြင်ဦးလွင်မြို့မှဈေးရောင်းပြီး အသက်မွေးဝမ်းကျောင်း ပြုသူ မသီတာကပြောသည်။

သက်မောင်(ကျောက်ဆည်)