တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် ကျင်းပ

တွံ တေး     မေ    ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံကေသာဓာတုဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော တွံတေးမြို့ ကျက်သရေဆောင်သာသနာ့သမိုင်းဝင် ရွှေဆံတော်စေတီတော် မြတ်ကြီး၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲကို ၁၃၈၃ ခုနှစ် ကဆုန်လပြည့် ယနေ့နံနက်ပိုင်းက ရင်ပြင်တော်ရှိ ဗောဓိညောင်ပင်၌ကျင်းပခဲ့ကြောင်းသိရသည်။

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်းအတွက် နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပြီး ဘုရားအလောင်းတော် သုမေဓာရသေ့ ဗျာဒိတ်ခံယူသောနေ့သည်လည်း ကဆုန်လပြည့်နေ့ ဖြစ်သည်။ ဤနေ့တွင်ပင် ဂေါတမမြတ်စွာဘုရား လောင်းတော်သိဒ္ဓတ္တမင်းသား ဖွားမြင်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ပွင့်တော်မူသောနေ့၊ ဗုဒ္ဓဝင်အကျဉ်း ဟောတော်မူသောနေ့၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သောနေ့များသည် ကဆုန်လပြည့်နေ့ပင်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း (၇၀၀) ခန့် ဥဇနမင်းကြီးလက်ထက်ကတည်းက ညောင်ရေသွန်းပူဇော်ပွဲတော် ကျင်းပလာသည်မှာ ယနေ့တိုင်ဖြစ်သည်။

အေးမြသော ရေစင်ရေကောင်းဖြင့် သွန်းလောင်းပူဇော်ခြင်းဖြစ်သဖြင့် ကာလဒါနလည်းဖြစ်သည်။ လောကီလောကုတ္တရာနှစ်ဖြာသောကောင်းကျိုးချမ်းသာ ရရှိနိုင်သောကုသိုလ်ကောင်းမူဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်များ ဘာသာရေးယဉ်ကျေးမှု တစ်ခုအဖြစ်ယနေ့တိုင်း သားစဉ်မြေးဆက် မပျက်မကွက် ကျင်းပလာခြင်းဖြစ်ကြောင်း ရွှေဆံတော်ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှသိရသည်။

၁၃၈၃ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) တွင် မြို့ပေါ်ရပ်ကွက်များရှိ ဘုရားဖူးလာပြည်သူ အပေါင်းအား အလှူရှင်များမှ စတုဒိသာကျွေးခြင်းများ၊ အအေးတိုက်ခြင်းများနှင့် ဒါနပြုကြပြီး ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)