မိုင်းပျဉ်း မေ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်နေသည့် ဝမ်ကောင်း(အောက်) ကျေးရွာနှင့် ဟွေကျင်းကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးအောင်နိုင်ဦး၊ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးအောင်ကျင်ဖိုက်နှင့် တာဝန်ရှိသူတို့က ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ ဆောင်ရွက်နေသည့် ဝမ်ကောင်း(အောက်) ကျေးရွာနှင့် ဟွေကျင်းကျေးရွာတို့တွင် ဆောင်ရွက်နေသည့် အရှည်(၆၅၀)ပေ၊ အကျယ် (၁၀)ပေ၊ ထု(၆) လက်မ ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ အရည်အသွေးကောင်းမွန်စေရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် ယခုအခါတွင် အဆိုပါလမ်းများမှာ (၉၀)ရာခိုင်းနှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ ပြည်သူလူထုတို့၏ လူနေမှုဘဝမြင့်မားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ အဆင်ပြေချောမွေ့ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျင်ဖိုက်ထံမှ သိရသည်။
မေမွန်ထွဋ်(ပြန်/ဆက်)