ရန်ကုန် မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရုံးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က တိုင်းဒေသကြီးသံဃနာယကအဖွဲ့မှကြီးမှူးကျင်းပမည့် ၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပရေး အစည်းအဝေး ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂသာမိ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဒွိပိဋကဓရ ဆရာ တော်မှ ဩဝါဒ ကထာချီးမြှင့်တော်မူသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရမှ နိဂုံးချုပ်ဩဝါဒကထာ လျှောက်ထား၍ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ယနေ့ကျင်းပသောအစည်းအဝေးသည် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်များနှင့် ရန်ကုန်တိုင်းအတွင်းမြို့နယ်အသီးသီးရှိ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များနှင့် တွေ့ဆုံ၍ ယခုလာမည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပမည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီး ကျင်းရေးဆိုင်ရာကိစ္စများ တိုင်ပင် ဆွေးနွေးခြင်း အစည်းအဝေးကြီးဖြစ်ပြီး ပထမပြန်စာမေးပွဲများကို ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် သက္ကရာဇ် (၁၀၀၀) ပြည့်နှစ်တွင် စတင်ကျင်းပခြင်းဖြစ်ကြောင်း အင်္ဂလိပ်ကိုလိုနီဖြစ်စဉ် (၉)နှစ်ခန့်အဆက်ပြတ်ခဲ့ပြီး ၁၂၅၇ ခုနှစ်၊ ခရစ်နှစ် ၁၈၉၆ ခုနှစ်တွင် ပထမပြန်စာမေးပွဲများကို ပြန်လည်စတင်ကျင်းပလာခဲ့ရာ ယနေ့အထိဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကျင်းပနိုင်ခဲ့ကြောင်း ယခုအချိန်အခါတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သြဝါဒခံယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားထောက်ပံ့မှုဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ကျင်းပသော တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကြီး ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုဇွန်လ ၁ ရက်နေ့မှဇွန်လ ၁၃ ရက်နေ့တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းဓမ္မာစရိယ စာဖြေဌာန (၁၀)ဌာနနှင့် ပါဠိပထမပြန်စာဖြေဌာန(၄၁)ဌာနရှိကြောင်း၊ စာရင်းသွင်းသံဃာ၊ သီလရှင် (၁၉၉၅၂)ပါးရှိကြောင်း၊ စာဖြေဌာနအသီးသီးရှိ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည့်ဖြစ်ပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျင်းပရခြင်းဖြစ်သည့်အတွက် ကျန်းမာရေးညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ စာဖြေဌာန အသီးသီးသန့်ရှင်းရေး၊ လုံခြုံရေးများပါမကျန် လိုအပ်သော ဝေယျာဝစ္စအဝဝကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ သာသနာရေးဆိုင်ရာလျှောက်ထားရာတွင် ထည့်သွင်းလျှောက်ထားချက်များအရ သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)