တန့်ယန်းမြို့နယ်တွင် အခြေခံပညာ ကျောင်းများအားလုံး၌ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံ။

တန့်ယန်း  မေ  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ အခြေခံပညာကျောင်း များအားလုံးကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းအပ်နှံရေး ရက်ဖြစ်သည့် မေလ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းအပ်နှံနေပြီဖြစ်သည်။

အဆိုပါ ကျောင်းအပ်နှံနေမှု အခြေအနေများအား အခြေချစစ်ဗျူဟာ(တန့်ယန်း)မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးခွန်အောင်သွင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများမှ လှည့်လည် ကြည့်ရှုကာ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးခွန်အောင်သွင်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်းအား နှာခေါင်းစည်း Mask (၁၀၀၀) နှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ငါးဂါလံ ရေဆေးပုံး(၅)ပုံးကိုလည်းကောင်း၊ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများအတွက် နှာခေါင်းစည်း Mask (၁၀၀၀)စီကို လည်းကောင်း ကျောင်းအုပ်ကြီးများထံ ပေးအပ်လှူဒါန်းခဲ့သည်။

ကျောင်းအပ်နှံရေး ရက်ဖြစ်သည့် မေ ၂၄ ရက်မှ ၃၁ ရက်တွင် မြို့နယ်အတွင်းရှိ အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများနှင့် အခြေခံပညာကျောင်းများအားလုံတွင် ကျောင်းသား ကျောင်းသူများကို မိဘများကိုယ်တိုင် လာရောက်အပ်နှံပေးနေလျက် ရှိကြောင်းနှင့် အတန်းအလိုက် ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်/ခဲတံနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းဖြစ်သည့် နှာခေါင်းစည်း Maskနှင့် မျက်နှာကာ Face shield တို့ကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပြီး မည်သည့် အခကြေးငွေကိုမျှ ကောက်ခံခြင်း မရှိကြောင်း သိရသည်။

 

   မင်းလွင်ဦး(ပြန်/ဆက်)