မိုင်းဆတ် မေ ၂၄
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယမန်နေ့ မွန်းလွဲ(၂)နာရီ (၄၀)မိနစ်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်မြို့ “ဝ” အထူးဒေသ(၂)ရှိ ဝမ်ဟုန်ကျေးရွာခန်းမဆောင်၌ ကျင်းပသည့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့နိုင်ငံတွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိနိုင်ရန် ခေတ်အဆက်ဆက်က ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရာတွင် သွေးစစ်ခြင်း၊ ဓါတ်ပုံရိုက်ခြင်းနှင့် ဘိုးဘွားအစဉ်အဆက်စစ်ဆေးထားသည့် အိမ်ထောင်စု စာရင်းစာရွက်ရှိရန် လိုကြောင်း၊ အိမ်ထောင်စုစာရင်းရှိမှသာ အလွယ်တကူစစ်ဆေးပြီး နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ် နိုင်ကြောင်း၊ ဘိုးဘွားအစဉ်အဆက် အိမ်ထောင်စုစာရင်းမရှိပါက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ခက်ခဲကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို ယူထားရသည့်အချိန်တွင် နယ်စပ်ဒေသများ၌ နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများအား နိုင်ငံသားကတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စီမံဆောင်ရွက်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ရှိမှသာ မိမိတို့ဆန္ဒရှိသော ပါတီအားဆန္ဒမဲ ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် ကတ်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် သွေးစစ်ခြင်း၊ ဓါတ်ပုံရိုက်ခြင်းနှင့် အခြားလိုအပ်သော လုပ်ငန်းဆောင်တာများအား ဝိုင်းဝန်းကူညီပေးသူများအား ကျေးဇူးတင်ရှိကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “ဝ”အထူးဒေသ(၂) ဝမ်ဟုန်ဒေသရှိ အိမ်ထောင်စု လူဦးရေစာရင်း(၅၂၄)စု၊ နိုင်ငံသားစိစစ်ရေးကတ်(၆၈၅)ကတ်ကို “ဝ”အထူးဒေသ(၂)မှ ဒုတိယ နိုင်ငံရေးမှူး ဦးညီကပ်အားလည်းကောင်း မိုင်းယွန်းဒေသရှိ အိမ်ထောင်စုလူဦးရေစာရင်း(၃၉၂)စုနှင့် နိုင်ငံသားစိစစ်ရေးကတ် (၁၅၁၂)ကတ်အား မိုင်းယွန်းဒေသမြို့နယ်မှူး ဦးအိုက်လျန်းအား လည်းကောင်း ပေးအပ်ခဲ့သည်။
ထို့နောက် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦးက မိုင်းထလန်းဒေသရှိ အိမ်ထောင်စုလူဦးရေ စာရင်း(၂၁၃)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်(၆၈၇)ကတ်အား မိုင်းထလန်းဒေသမြို့နယ်မှူး ဦးစီလွန်းအား လည်းကောင်း၊ ဟိုပန်ဒေသရှိ အိမ်ထောင်စုလူဦးရေစာရင်း (၁၉၃)စုနှင့် နိုင်ငံသားစိစစ်ရေးကတ် (၇၆၆)ကတ်အား ဟိုပန်ဒေသမြို့နယ်မှူး ဦးအိုက်ရုန်းက လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက ဟွေအောဒေသရှိ အိမ်ထောင်စုလူဦးရေ စာရင်း(၅၀၃)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်(၁၄၁၄)ကတ်အား ဟွေအောဒေသမြို့နယ်မှူး ဦးညီနပ်အား လည်းကောင်း၊ ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မြင့်က မုံးကျွတ်ဒေသရှိ အိမ်ထောင်စု လူဦးရေစာရင်း(၃၅၄)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်(၄၉၀)ကတ်အား မုံးကျွတ်ဒေသမြို့နယ်မှူး ဦးကျရုန်းအား လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲနိုင်က ခိုင်းလုံဒေသရှိ အိမ်ထောင်စုလူဦးရေစာရင်း(၃၉၃)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်(၃၄၅)ကတ်အား ခိုင်းလုံဒေသ မြို့နယ်မှူး ဦးဆမ်ပိန်းအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားမှုဖြင့် “ဝ”အထူးဒေသ (၁၇၁)တွင် ကျန်းမာရေးနှင့် ပတ်သက်သောသင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများပြုလုပ်ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်းပြည်သူများအကျိုးကို ရှေ့ရှု၍ရပ်ဝေးမှ လာရောက်ကာ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သော ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကာ အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)