မန့်ဟီးရိုးမြို့တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်ဆောက်လုပ်ရန်  ပန္နက်တင်မင်္ဂလာအခမ်းအနားနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မန့်ဟီးရိုး  မေ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ရပ်ကွက်(၁)တွင် ဘုန်းတော်ကြီး သင်ပညာရေး  ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၉) နာရီက  ကျင်းပခဲ့ကြောင်းသိရသည်။                                                           

မန့်ဟီးရိုးမြို့၊ ရပ်ကွက်(၁)အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးအတွက် ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၁၆)ရွာတို့မှ စုပေါင်း၍ မြေဧက(၇)ဧကကို ဝယ်ယူလှူဒါန်းခဲ့ကြသည်။  မူဆယ်မြို့၊ သံဃာ့နာယကအဖွဲ့၊ အကျိုးတော် ဆောင်ဆရာတော်ဦးပညာဘောဂအား အမှူးထားပြီး မန့်ဟီးရိုးမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များ၊ ရပ်နီးရပ်ဝေးမှ ကြွရောက်လာကြသည့် သံဃာတော်များ၊ မန့်ဟီးရိုးမြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် ဌာနဆိုင်ရာများနှင့် ကျေးရွာမှ အလှူရှင်ပြည်သူများသည် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေနေရာတွင် ပန္နက်တင်မင်္ဂလာအခမ်းအနားကိုကျင်းပခဲ့သည်။                                                                             

ယင်းနောက် ကျောင်းဆောင်သစ်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေနေစေရန်အတွက်    သစ်ပင်ပေါင်း(၂၀၀)ခန့်ကို သက်ဆိုင်ရာနေရာများတွင် စိုက်ပျိုးပေးခဲ့ကြကြောင်းနှင့် အဆိုပါမြေ နေရာကို မန့်ဟီးရိုးမြို့(၁၉)ကျေးရွာမှ ကျေးရွာနေပြည်သူများက တစ်တပ်တစ်အားပါဝင် လှူဒါန်းခဲ့ခြင်းကြောင့် ယခုလိုပန္နက်တင်အခမ်းအနားနှင့် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး  ဦးစိုင်းယီမွန်ကပြောကြားခဲ့သည်။

စန္ဒာ(ပြန်/ဆက်)