မိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

မိုင်းတုံမေ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ၂၀၂၁-၂၀၂၂နှစ်ပညာသင်နှစ်အခြေခံ ပညာကျောင်းများ ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးဇော်မင်းဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုးတို့က အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျောင်းအပ်နှံရန် ၊မိဘအုပ်ထိန်းသူနှင့် ကျောင်းသား၊ ကျောင်းသူများကို နှာခေါင်းစည်း(Mask)များ တပ်ဆင်လာစေခြင်း၊ ကျောင်းဝန်းအတွင်း မဝင်မီ တာဝန်ကျဆရာ၊ ဆရာမများက ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ လက်ဆေးဘေစင်များတွင် လက်ဆေးသန့်စင်စေပြီးမှသာ ကျောင်းအပ်နှံရေးဌာနသို့ သွားခွင့်ပြုခဲ့သည်။

ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ များအား  တက်ရောက်မည့် အတန်းအလိုက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ Face Shield နှင့် (Mask) များကို (အခမဲ့) ထောက်ပံ့ပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံရာတွင် အခမဲ့လက်ခံပေးသွားမည်ဖြစ်ရာ ငွေကြေးလုံးဝ ကောက်ခံခြင်းမရှိကြောင်းသိရသည်။

ကျောင်းလာရောက်အပ်နှံသူများအား အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ တို့မှ Mask အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)