ဇမ္ဗူသီရိ မေ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် မိခင်နှင့်ကလေးခန်းမဆောင်၌ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးနေမှုများအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးနိုင်၊ နေပြည်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်၊ ဒက္ခိဏခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်ဇော်ထွန်း၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူများထံ ပေးအပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ “ပန်းခင်း စီမံချက်” ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂ အုပ်စုရှိ နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက် ၁၆ နှစ်အထက်နှင့် အသက် ၁၈ နှစ်အထက် လူဦးရေ (၅၇၃၁) ဦးတို့ကို တစ်နေ့လျှင် လူ ၃၀ နှုန်းဖြင့် ၃-၅-၂၀၂၁ ရက်နေ့မှ စတင်၍ ၃-၁၁- ၂၀၂၂ ရက်နေ့အထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)