ပုံပါကျင် မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့အဖြစ် ယနေ့ နံနက် (၉) နာရီမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
“ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် အခြေခံပညာကျောင်းများတွင် မေလ ၂၄ ရက်မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ် လက်ခံပေးလျက်ရှိပြီး ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် Mask နှင့် Face Shield များကို (အခမဲ့) ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ပုံပါကျင်မြို့တွင် အထကကျောင်း(၁)ကျောင်း၊ မူလတန်း(၅)ကျောင်း၊ မူလွန်ကျောင်း(၂)ကျောင်း ရှိပြီး ဇွန်လ ၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းများကို စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း တာဝန်ခံဆရာမကြီးထံမှ သိရသည်။
မမြမြအေး(ပြန်/ဆက်)