ကျိုက်မရောမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ ကျောင်းအပ်နှံခြင်း စတင်ဆောင်ရွက်

ကျိုက်မရော မေ ၂၄ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးဆိုင်ရာ စည်းကမ်းချက်နှင့်အညီ လက်ခံဆောင်ရွက်လျက်ရှိပြီး နယ်မြေခံတပ်မှ တပ်မတော် သားများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့စစ်သားများ၊ ကျောင်းကော်မတီဝင်များမှ လုံခြုံရေး ဆောင်ရွက် ပေးကြောင်းသိရသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်လက်ခံခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၄၂) ကျောင်းတွင် မေလ ၂၄ မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဇွန် ၁ ရက်နေ့တွင် ကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အထကကျောင်း တာဝန်ရှိသူထံမှ သိရသည်။ ချိုမြတ်မြတ်ထွေး