ရွာငံ မေ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်း ၊ အလယ်တန်းကျောင်း၊ မူလတန်း ကျောင်းများ၌ ကျောင်းသားကျောင်းသူများ ကျောင်းအပ် လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ လက်ခံလျက်ရှိရာ ကျောင်းသား/သူများ မိဘများနှင့်အတူ လာရောက်အပ်နှံလျက်ရှိကြောင်းသိရသည်။
ကျောင်းအပ်နှံရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန်ပြင်ဆင် ထားရှိပြီး ကျောင်းသားကျောင်းသူများ၏ ကျောင်းဝင်ခွင့်လျှောက်လွှာပုံစံ ဖြည့်စွက်ခြင်း၊ ကျောင်း၏ စည်းကမ်းချက်များအား ကျောင်းသား/မိဘများ လိုက်နာကြစေရန် ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာ အတန်းအလိုက် ဆရာ/ဆရာမများမှ ဆွေးနွေးပြောကြားပြီး မိဘအုပ်ထိန်းသူများကိုယ်တိုင် လက်မှတ်ရေးထိုးကျောင်းအပ်နှံပေးခဲ့ကြသည်။
ရွာငံမြို့နယ်တွင် အခြေခံပညာ(ထက်၊လယ်၊ မူ)ကျောင်း(၁၁၈)ကျောင်းရှိရာ (၁၁၆)ကျောင်း ကျောင်းအပ် လက်ခံနေပြီး အမက ပဲရင်းတောင် နှင့် အမကပြေသာတို့တွင် ကျောင်းအပ် လက်မခံနိုင်သေးကြောင်း သိရသည်။
ထွန်းထွန်းဝင်း