မြောက်ဦးမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းလက်ခံ အပ်နှံလျက်ရှိ

မြောက်ဦး မေ ၂၄ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာ ကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းအပ်နှံလက်ခံလျက်ရှိရာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၁၀ နာရီမှစတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံ ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေ အရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ် နှံကြပါစို့” ဆောင်ပုဒ်နှင့် အညီ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ကျောင်းအတွင်းသို့မဝင်ရောက်မီ ကိုယ်အပူ ချိန် တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုစင်ကြည်အောင် ဆေးကြောပြီးမှ ကျောင်းအပ်နှံလက်ခံပေးခြင်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ဆက်လက်၍ ကျောင်းအပ်နှံလာကြသော ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်နှံရာ တွင် ယခင်ပညာသင်နှစ်ကဲ့သို့ မိဘအုပ်ထိမ်းသူများအနေဖြင့် မိဘဆရာ အသင်းကြေး၊ ကျောင်းဝင်ကြေးများ နှင့်မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိပါ၊ ကျောင်းသား ကျောင်းသူ များကိုလည်း ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ Mask၊ Face Shield တို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ ပေးအပ်လျက်ရှိသည်။ ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၂၄၅) ကျောင်းတွင် ကျောင်းအပ်နှံလက်ခံလျက်ရှိပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၄)ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျောင်းအပ်နှံလက်ခံပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ခင်မောင်ထွန်း