ဝိုင်းမော် မေ ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ် လက်ခံခြင်းကို မေလ(၃၁)ရက်နေ့ထိ လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောင်းလာရောက်အပ်နှံသူ မိဘတစ်ဦးက “စိုးရိမ်မှုတော့ရှိပါတယ် ကျွန်မတို့သားသမီးတွေ ပညာရေးမှာ တစ်နှစ်ထက်တစ်နှစ် နှောင့်နှေးမှုမရှိအောင် ကျောင်းလာအပ်နှံတာပါ ကလေးတွေပညာ ကောင်းကောင်း သင်နိုင်အောင် လိုအပ်ရင်သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျရာနေရာကနေ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
ဝိုင်းမော်မြို့နယ်တွင် အခြေခံပညာ အ.ထ.က ကျောင်း (၁၀)ကျောင်း၊ အ.ထ.က-ခွဲ (၇)ကျောင်း၊ အ.လ.က (၇) ကျောင်း၊ အ.လ.က-ခွဲ (၁၅)ကျောင်း၊ အ.မ.က-ခွဲ(၁၅)ကျောင်း၊ မူလွန်(၁၃)ကျောင်း၊ အ.မ.က (၈၂)ကျောင်း စုစုပေါင်း (၁၄၉)ကျောင်းရှိပြီး ကျောင်းအပ်နှံရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါကျောင်း အပ်နှံရာတွင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပါးစပ်နှာခေါင်းစည်း (mask)နှင့် မျက်နှာအကာ (face shield)တို့ကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးကြောင်း သိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)