အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ စတင် ဆောင်ရွက်

ရန်ကုန် မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး အတွက် ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၂) ကျောင်း၊ မူလတန်းကျောင်း(၃၀)ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း(၃)ကျောင်း စုစုပေါင်း (၅၃)ကျောင်းတို့တွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျ ကျောင်းအုပ်ကြီးများ နှင့် ဆရာ၊ ဆရာမများက မိမိတို့ တာဝန်ကျရာ ကျောင်းများ၌ ကျောင်းအပ်နှံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာဖြင့် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း နှင့် မျက်နှာအကာတို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပြီး ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အား ကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်အသင်းဝင်ကြေး အပါအဝင် မည်သည့် အခကြေး ငွေကိုမျှ ကောက်ခံခြင်းမရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ(၂၄)ရက်နေ့မှ မေလ(၃၁)ရက် နေ့အထိ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းများ ဖွင့်လှစ်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)