လယ်ဝေး မေ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ကျောင်းအပ်လက်ခံခြင်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက်(၉)နာရီမှ စတင်ကာ မြို့နယ်အတွင်းရှိ ကျောင်းများအလိုက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကျောင်းအပ်နှံရာတွင် ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံခြင်းမရှိဘဲ၊ ကျောင်းသားကျောင်းသူများအတွက် နိုင်ငံတော်မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် Mask၊ Face Shield စသည်တို့ကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
လယ်ဝေးမြို့နယ်တွင် အ.ထ.က(၁၈)ကျောင်း၊ အ.ထ.က-ခွဲ(၁၈)ကျောင်း၊ အ.လ.က (၁၄)ကျောင်း၊ အ.လ.က-ခွဲ(၂၆)ကျောင်း၊ မူလွန်(၅၁)ကျောင်း၊ မူလတန်း(၁၁၈)ကျောင်းနှင့် မူလတန်းခွဲ(၁၉)ကျောင်း၊ စုစုပေါင်း(၂၆၄)ကျောင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)