ကျိုင်းတောင်းမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး ဆောင်ရွက်

ကျိုင်းတောင်း မေ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၄ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ယင်းကာလအတွင်း ကျောင်းသားကျောင်းသူများနှင့် မိဘများက လာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးတွင် ကျောင်းသားကျောင်းသူများ၊ မိဘများက အတန်းခွဲအလိုက် လာရောက်အပ်နှံကြရာ တန်းခွဲတာဝန်ခံဆရာ၊ ဆရာမများက စနစ်တကျ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျိုင်းတောင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် တန်းခွဲအလိုက် ကျောင်းအပ်နှံကြသော ကျောင်းသားကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော အတန်းလိုက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ စာရေးကိရိယာများ၊ ဗလာစာအုပ်များနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက်  နှာခေါင်းစည်း (Mask)များနှင့် Face Shield များကို ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)