ကျိုက်ထိုမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ် စတင်လက်ခံခြင်းများ ဆောင်ရွက်

ကျိုက်ထို မေ ၂၄ ကျိုက်ထို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေ အရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်ထိ (၅)နှစ်အရွယ် ကလေး များကို KG(သူငယ်တန်း)၊ (၆) နှစ်အရွယ် ကလေးများကို ပထမတန်း Grade -1 အပ်နှံရမည်ဖြစ်ပြီး ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ဆဌမတန်း၊ သတ္တမတန်း၊ ဒဿမ တန်းတို့ကို(သင်ရိုးသစ်)နှင့် သတ္တမတန်း၊ အဌမတန်း၊ ဒဿမတန်းတို့ကို (သင်ရိုးဟောင်း) တို့ဖြင့် အပ်နှံရမည်ဖြစ်ကြောင်း၊ ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။ ကျိုက်ထို မြို့နယ် အတွင်းရှိ ထက်၊ လယ်၊ မူ နှင့် အမက(ခွဲ)ကျောင်းတို့၌ ကျောင်းအပ်နှံခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ကျောင်းများအလိုက် ဆရာ/ဆရာများက လက်ခံ ဆောင်ရွက်ပေးနေပြီး အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု မရှိကြောင်း၊ ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်၊ ဗလာ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Mask နှင့် Face Shield စသည့် ပစ္စည်းတွေကို အခမဲ့ထောက်ပံ့ပေးနေကြောင်း သိရသည်။ အဆိုပါ ကျောင်းအပ်နှံရေးလုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်ဗိုလ်မှူးပြည်ထွန်း၊ မီးသတ်ဦးစီး အရာရှိ ဦးတင်ထွေးတို့မှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။၏ ၀င်းမောင်