မှော်ဘီမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်

မှော်ဘီ  မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် နိုင်ငံတော်မှ သတ်မှတ်ဆောင်ရွက်ချက်အတိုင်း ယနေ့တွင် မှော်ဘီ မြို့နယ်အတွင်းရှိ  အ.ထ.က (၁၄)ကျောင်း၊ အ.လ.က(၃၄) ကျောင်း၊ အ.မ.က(၉၆)ကျောင်း တို့တွင် တစ်ပြိုင်တည်း ကျောင်းအပ်နှံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းများကို ၂၀၂၁-၂၀၂၂ ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများ အားလုံး ဖွင့်လှစ်မည် ဖြစ်ရာ ကျောင်းသား/ကျောင်းသူ များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ စာသင်ခုံများ နေရာချထားပေးခြင်း၊ လက်ဆေးဘေစင်များ၊ လက်ဆေးဆပ်ပြာများ၊ နှာခေါင်းစည်းများကို ကြိုတင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အခမဲ့ ပညာရေး စနစ်အတိုင်း မူလတန်းအဆင့်ကို ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ် တစ်ဒါဇင်နှင့် ခဲတံ လေးချောင်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ကို ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံနှစ်ချောင်းနှင့် ဘောပင်နှစ်ချောင်း ထို့နောက် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ များကို တစ်ဦးလျှင် ပြန်လည်အသုံးပြုနိုင်သည့် Mask နှစ်ခု၊ Face Shield နှစ်ခုစီတို့ကို အခမဲ့ ပံ့ပိုးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကောင်းမြတ်သူ (ပြန်/ဆက်)