ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်တွေ မေ ၂၄ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားနှင့် အသက်(၂၅) နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီက စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စစ်တွေခရိုင် အသင်းနှင့် ကျောက်ဖြူခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်တွေခရိုင်အသင်းက သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့အတူ အသက်(၂၅) နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မေလ ၂၃ ရက်နေ့က ကျင်းပခဲ့ပြီး ကျောက်ဖြူခရိုင် အသင်းက စစ်တွေခရိုင် အသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲများတွင် အကောင်းဆုံး အားကစားသမားများအား ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ်ဥပဒေချုပ်တို့ကလည်းကောင်း၊ ပထမဆုနှင့်ဒုတိယဆုရရှိသော အမျိုးသမီးအသင်း များအား ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက လည်ဆွဲတံဆိပ်နှင့် ငွေသားဆုငွေ များအားလည်းကောင်း၊ ပထမဆုနှင့် ဒုတိယဆုရရှိသော အမျိုးသားအသင်းများအား ဒေသ ကွပ်ကဲမှုဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် တို့က လည်ဆွဲတံဆိပ်နှင့် ငွေသားဆုငွေများအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ပထမဆုရရှိသော ကျောက်ဖြူခရိုင် အမျိုးသမီးဘောလုံးအသင်းအား တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးပြီး ပြည်နယ် စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းက ပထမဆုရရှိသော စစ်တွေခရိုင် အမျိုးသား ဘောလုံးအသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မေလ ၁၄ ရက်နေ့မှ ၂၂ ရက်နေ့ထိကျင်းပခဲ့ရာ ခရိုင်(၅)ခရိုင်မှ ဘောလုံးအသင်း ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ တင်ထွန်း