ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၉၂)ကျောင်းတို့မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး စတင်လက်ခံဆောင်ရွက်

ဗန်းမော်    မေ    ၂၄

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ယခုအခါ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းပေါင်း(၉၂)ကျောင်းတို့မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ယနေ့ နံနက် ၉ နာရီက စတင်၍ အခြေခံပညာကျောင်းများအသီးသီး၌ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ထို့သို့ ကျောင်းအပ်နှံရေးလက်ခံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာန၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ " ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်အတိုင်း ကျောင်းသားကျောင်းသူများအား စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းများအပ်နှံရာတွင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုလုံးဝ မရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Mask ၊ Face Shield တို့ကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိသည်။

ဗန်းမော်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ(၅)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၁၁)ကျောင်း၊ အခြေခံပညာ အလယ် တန်းကျောင်းခွဲ(၁၄)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၁၃)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း(၃၇)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းခွဲ(၁)ကျောင်း စုစုပေါင်း (၉၂) ကျောင်းရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)