ဒဂုံအရှေ့ မေ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများအား တက္ကသိုလ်ဝင်လမ်းညွှန်နှင့် အမှတ်စာရင်းများကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊အထက(၅) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်လမ်းညွှန်တွင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ၊ တက္ကသိုလ်ဝင် လမ်းညွှန် စာအုပ်နှင့် အမှတ်စာရင်းများကို ကျောင်းသားကျောင်းသူများ အဆင်ပြေ လွယ်ကူစွာ ထုတ်ယူနိုင်ရေး တာဝန် ကျ ဆရာ၊ဆရာမများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တက္ကသိုလ်ဝင် လမ်းညွှန်များကို ပြင်ပမှ ဝင်ရောက် ဖြေဆို အောင်မြင်သူများအားလည်း ဖြေဆိုခဲ့သည့် စာစစ်ဌာနများတွင် ထုတ်ယူနိုင်ပြီး မေလ ၁၂ စတင် ထုတ်ပေး ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှသိရသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ကျောင်းသား ကျောင်းသူ များအနေဖြင့် တက္ကသိုလ်ဝင် လမ်းညွှန်များထုတ်ပေးသည့်အတွက် မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ် များသို့ အဆင်ပြေလွယ်ကူစွာ လျှောက်ထားနိုင်ကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)