မိုးနဲ မေ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် အခြေခံပညာ စာသင်ကျောင်းများတွင် တာဝန်ကျကျောင်းအုပ် ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသားကျောင်းသူများအား အခမဲ့ဆောင်ရွက်ပေးသည့်အပြင် နိုင်ငံတော်က ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် Mask၊ Face Shield တို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးလုပ်ငန်းများကို မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့အပါအဝင် အခြေခံပညာ အထက်တန်းကျောင်း (၂)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (၁)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၄)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၃၀)ကျောင်းနှင့် မူလွန်ကျောင်း (၇) ကျောင်းတို့တွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)