ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး လုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည် မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးတွင် ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက လိုအပ်သည်များ  ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျောင်းအပ်လက်ခံရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသော ကျောင်းသုံးပြငှာန်း စာအုပ်များ၊ ဗလာ စာအုပ်များ၊ ဘောပင်၊ ခဲတံများ၊ Mask၊ Face Shield များအား အခမဲ့ ထောက်ပံ့ပေးကြောင်း သိရသည်။

ကျောက်ဆည် မြို့နယ်အနေဖြင့် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေးအတွက် အထက်တန်း ကျောင်း(၁၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ(၈)ကျောင်း၊ မူလတန်းကျောင်း(၁၂၉)ကျောင်း၊ မူလတန်း(ခွဲ)ကျောင်း(၁)ကျောင်း၊ မူလတန်းလွန် ကျောင်း(၂၆)ကျောင်း၊ စုစုပေါင်း(၁၈၆)ကျောင်းတို့တွင် စာသင်ကျောင်းများနှင့်  ဆရာ၊ ဆရာမများ လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာ ကျောင်းများတွင် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကျောင်းများမှ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများ၊ ရပ်မိ၊ ရပ်ဖ ကိုယ်စားလှယ်များမှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ထွေး(ပြန်/ဆက်)