ပုဗ္ဗသီရိ မေ ၂၄
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စတင်ဆောင်ရွက်ပေး လျက်ရှိသည်။
"ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း၊(၆)နှစ်အရွယ်ကလေးများကို ပထမတန်း အပ်နှံရမှာဖြစ်ပြီး ပထမတန်း၊ ဒုတိယတန်း၊တတိယတန်း၊ စတုတ္ထတန်း၊ ဆဌမတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့ကို သင်ရိုးသစ်နှင့် သတ္တမတန်း၊ အဌမတန်း၊ ဒသမတန်းတို့ကို သင်ရိုးဟောင်းအဖြစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင်လည်း အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ခဲတံ၊ အပြင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအရ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် Face Shield တို့ကိုလည်း အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ဆရာမများနှင့်အတူ မိဘပြည်သူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း" မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးသိန်းလွင်ထံမှ သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် အထက်တန်းကျောင်း (၇) ကျောင်း၊ အထက်တန်းကျောင်းခွဲ(၄)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၃)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၄) ကျောင်းနှင့် မူလတန်းကျောင်း(၂၉)ကျောင်း၊ စုစုပေါင်း (၅၉)ကျောင်းရှိပြီး အဆိုပါ ကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ကျောင်းသူများအား ကျောင်းအပ်နှံရေး စတင် လက်ခံလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)