ဇေယျာသီရိ မေ ၂၄
နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများကို covid-19 ရောဂါဖြစ်ပွားမှု ကြောင့် ယာယီပိတ်ထားခဲ့ရာမှ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်း များပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မေလ ၂၄ ရက်နေ့မှစတင်ကာ covid-19 ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျောင်းအပ်လက်ခံလျက်ရှိကြောင်းသိရသည်။
ကျောင်းအပ်လက်ခံရာတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေး ချမ်းသာစွာ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင် ၊ လုံခြုံရေးရဲအရာရှိ ၊ တပ်မတော်မှ အရာရှိများ ၊ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာများပါဝင်သည့် လုံခြုံရေးအဖွဲ့များဖွဲ့စည်းကာ စီမံဆောင်ရွက်ထားရှိပြီး အခြေခံ ပညာကျောင်းများရှိ တာဝန်ကျကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများက ကျောင်းအပ်နှံရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ နိုင်ငံတော်မှ ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် ၊ ဘောပင် ၊ ခဲတံ ၊ ပေတံ နဲ့ Covid-19 ရောဂါကာကွယ်ရေးပစ္စည်းများကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိသည်။ ဇေယျာသီရိမြို့နယ်တွင် အထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၃)ကျောင်း ၊ အလယ်တန်းကျောင်း(၄) ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ)(၅)ကျောင်း ၊ မူလတန်းလွန်ကျောင်း (၉)ကျောင်း၊ မူလတန်းကျောင်း (၃ဝ)ကျောင်း ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းအဆင့်သင် (၄) ကျောင်း စုစုပေါင်း (၆၃) ကျောင်းရှိကြောင်း သိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)