အခြေခံပညာကျောင်းပေါင်း (၂၁၉) ကျောင်းကို မေလ(၂၄)ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကျောင်းအပ် လက်ခံ

တွံတေး မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ၂၄ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နဲ့အညီ မေ(၂၄)ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ကျောင်းအပ်နှံခြင်း လုပ်ငန်းတွေကို  သက်ဆိုင်ရာ ကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။ ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု မရှိကြောင်း၊ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Mask နှင့် Face Shield စသည့် ပစ္စည်းတွေကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာရေးမှူး ရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်းများကို ဇွန် (၁) ရက် စတင်တက်ကြရမည်ဖြစ်ရာ တွံတေးမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူကျောင်း (၂၁၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)  ကျောင်းဘုန်းတော်ကြီးပညာသင် (၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်း၊ စာသင်ကျောင်း စုစုပေါင်း (၂၁၉) ကျောင်းရှိကြောင်း သိရှိရသည်။

မြို့နယ် ပြန် / ဆက်